Proudly Burmese
Tuesday
ကုလသမဂ္ဂအထူးစုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ လစ်သူရေးနီးယားကထောက်ခံလိုက်ခြင်း
မြန်မာစစ်အစိုးရကကျူးလွန်ခဲ့တယ်လို့စွပ်စွဲခံနေရတဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်ထားတဲ့ပြစ်မှုတွေအတွက် ကုလသမဂ္ဂအထူးစုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့မှာကို လစ်သူရေးနီးယားနိုင်ငံကထောက်ခံလိုက်တယ်လို့သိရပါတယ်။ ဒီသတင်းကို Burma Campaign UK အဖွဲ့က ဒီကနေ့မှာပဲ အဖွဲ့ပိုင်အင်တာနက်စာမျက်နှာမှာ ဖေါ်ပြထားခဲ့တာဖြစ်ပါတယ်။ လစ်သူရေးနီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက Burma Campaign UK အဖွဲ့ကိုတိုက်ရိုက်ဆက်သွယ်ပြီး အတည်ပြုခဲ့တယ်လို့ဆိုပါတယ်။ လစ်သူရေးနီးယားနိုင်ငံက ဒီလိုထောက်ခံခဲ့တဲ့အတွက် အခုဆိုရင် ကုလအထူးစုံစမ်းစစ်ဆေးမှုကော်မရှင်ဖွဲ့မှာကိုထောက်ခံတဲ့ နိုင်ငံ(၁၁)နိုင်ငံရှိသွားပြီဖြစ်ပါတယ်။
Monday
မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဘန်ကီမွန်းက အာဆီယံကိုတိုက်တွန်းလိုက်ခြင်း
မြန်မာ့နိုင်ငံမှာလွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်လာစေဖို့ အာစီယံနိုင်ငံတွေကပါ ၀ိုင်းဝန်းတာဝန်ယူကြဖို့ ကုလအထွေထွေအတွင်းရေးမှုးဘန်ကီမွန်းက ပြောကြားခဲ့ပါတယ်။ ကုလအထွေထွေညီလာခံရဲ့ သီးခြားတွေ့ဆုံမှုမှာဒီလို တိုက်တွန်းသွားတာပါ။
မြန်မာနိုင်ငံမှာ အမျိုးသားရင်ကြားစေ့ရေးနဲ့ဒီမိုကရေစီစနစ်ကိုကူးပြောင်းနိုင်ရေးတို့အပြင်၊ လာမယ့်ရွေးကောက်ပွဲဟာ လွတ်လပ်မျှတပြီး အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့အရေးကြီးကြောင်းပြောသွားပါတယ်။ ဒီလိုလုပ်ဆောင်နိုင်အောင် ကုလနဲ့အတူ အာစီယံနိုင်ငံတွေကပါတာဝန်ယူသင့်တယ်လို့ပြောသွားခဲ့တာပါ။ အာစီယံအဖွဲ့ဝင်ဆယ်နိုင်ငံရှိပြီး၊ အဲဒီနိုင်ငံတွေကတော့ ဘရူနိုင်း၊ ကမ်ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ စင်္ကာပူနဲ့ မြန်မာတို့ပဲဖြစ်ကြပါတယ်။
မြန်မာနိုင်ငံကို စစ်မှန်တဲ့ဒီမိုကရေစီစနစ်ကိုကူးပြောင်းဖို့ ဖိအားပေးတာကို တောင်းဆိုနေကြတဲ့နိုင်ငံတွေက များပြားလာနေပါတယ်။ အဲဒီလိုပဲ မြန်မာစစ်အစိုးရက ကျူးလွန်ထားတယ်လို့ စွပ်စွဲခံနေရတဲ့ လူသားတွေအပေါ်ကျူးလွန်ခဲ့တယ်ဆိုတဲ့ပြစ်မှုတွေအတွက် စုံစမ်းစစ်ဆေးမှုကော်မရှင်ဖွဲ့ဖို့ကြိုးစားနေတဲ့ နိုင်ငံတွေလဲရှိနေပါတယ်။
ဒီလို ကော်မရှင်ဖွဲ့ဖို့ကို သောမတ်အိုဟေးကွင်တားနားက စတင်အကြံပြုခဲ့ပြီး အခုချိန်အထိ နိုင်ငံဆယ်နိုင်ငံကထောက်ခံထားပါတယ်။ အဲဒီနိုင်ငံတွေကတော့ သြစတြေးလျ၊ နယူးဇီလန်၊ ကနေဒါ၊ ပြင်သစ်၊ အမေရိကန်၊ ဗြိတိန်၊ နယ်သာလန်၊ စလိုဗက်ကီးယား၊ ချက်ရီပတ်ဘလစ်နဲ့ ဟန်ဂေရီနိုင်ငံတွေဖြစ်ကြပါတယ်။

ပြည်ပမြန်မာမီဒီယာများ အင်တာနက်မှတိုက်ခိုက်ခံရ
ရွှေဝါရောင်တော်လှန်ရေး (၃)နှစ်ပြည့်တဲ့အချိန်မှာပဲ ပြည်ပကမြန်မာမီဒီယာသတင်းဌာနတွေရဲ့ အင်တာနက်စာမျက်နှာတွေကို အတိုက်ခိုက်ခံရတယ်လို့သိရပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေကို အဓိကဖေါ်ပြတဲ့သတင်းဌာနတွေအတိုက်ခိုက်ခံတာဖြစ်တဲ့အတွက် မြန်မာစစ်အစိုးရရဲ့လက်ချက်ဖြစ်မယ်လို့ဟု ပြောဆိုမှုတွေရှိနေပါတယ်။
မြန်မာနိုင်ငံရေးသတင်းတွေကို အဓိကဖေါ်ပြတဲ့ ဧရာဝတီ၊ မဇ္ဈိမနဲ့ ဒီမိုကရက်တစ်မြန်မာ့အသံ သတင်းဌာနတွေကို အဓိကအတိုက်ခိုက်ခံရတာဖြစ်ပါတယ်။ ဒီလိုတိုက်ခိုက်မှုကြောင့် ဒီမိုကရက်တစ်မြန်မာ့အသံကို အနည်းငယ်သာထိခိုက်ခဲ့ပေမဲ့ ဧရာဝတီနဲ့ မဇ္ဈိမသတင်းဌာနတွေကတော့ လုံးဝရပ်ဆိုင်းထားရပါတယ်။
၂၀၀၈-ခုနှစ်တုန်းကလဲ အလားတူဖြစ်ရပ်ရှိခဲ့ဘူးပါတယ်။ ရုရှား၊ ဂျော်ဂျီယာ၊ ဗီယက်နမ်၊ ကာဇက်စတန် အစရှိတဲ့နိုင်ငံတွေကတဆင့် ဒီတိုက်ခိုက်မှုတွေကို လုပ်ခဲ့တာလို့သိရပါတယ်။
ဒီလိုတိုက်ခိုက်မှုဟာ စနစ်တကျအင်အားသုံးပြီးတိုက်ခိုက်တာဖြစ်လို့ မြန်မာစစ်အစိုးရကစီစဉ်တာသေချာတယ်လို့ပြောဆိုမှုတွေရှိနေပါတယ်။ နိုဝင်ဘာလမှာကျင်းပမယ့်ရွေးကောက်ပွဲနီးလာရင် ဒီလိုဖြစ်ရပ်တွေပိုဖြစ်လာမယ်လို့လဲသုံးသပ်ကြပါတယ်။

Subscribe to:
Posts (Atom)